Monday, 30 May 2011
ချစ်ခဲ့ဖူးပါသည်.....သို့သော်
သွားခဲ့ဖူးတယ်
ဘယ်ကိုမှ မရောက်ခဲ့ပါ။
စားခဲ့ဖူးတယ်
ဗိုက် မပြည့်ခဲ့ပါ။
ဘုရားရှိခိုးခဲ့ဖူးတယ်
တရားသဘော ဘာမှမသိခဲ့ပါ။
နွေနေ့လည် အကာအကွယ်မပါ
လမ်းလျှောက်ခဲ့ဖူးတယ်
အပူ ဆိုတာနားမလည်ခဲ့ပါ။
အနွေးထည် မပါ ဆောင်းညသန်းခေါင်
အိမ်အပြင် ဂီတာတီးပြီးသီချင်းဆိုဘူးပါတယ်
အေးချမ်းမှု ကိုယ်နဲ့မဆိုင်ပါ။
ထီးမပါ မိုးရေထဲ ကရောင်ကတမ်း ထပြီးသွားပါရဲ့
မိုးရေတွေ စိုတာ ဘာတွေများလဲ...မေးရမလို။
ဆီးနှင်းတစ်ပေါက်ပေါက်
မိုး တစ်ဖျောက်ဖျောက်မှာလဲ
အသည်းတစ်လျှောက်က
စစ်မှန်သော နှလုံးသား တစ်စုံ....
ရင်နှင့် ရင်းပြီး ချစ်ခဲ့ဖူးပါတယ်။
နယူတန် နိယာမ မှားခဲ့တာလား........
အသုံးမကျ ငါ့ဘ၀..နားကြားလွဲခဲ့တာလား
အဖြေမသိပေမယ့် အချစ်ရှိနေတာပါ....
ပြောခဲ့ဖူးတဲ့စကား....အများအပြား ရှိပါ၏
သို့သော် လိုရင်းမရောက်ပဲ
နှလုံးသားပျောက်တဲ့ကိန်း.....
သစ္စာတရား....ပျက်ပါများတော့
နာကျင်ခြင်းတွေ....ဒီရေအလား။
ချိုသော အပြုံး
ကြင်နာသော နှလုံးသား
နွေးထွေးတဲ့ လက်တစ်စုံ
ညင်သာတဲ့ အကြည့်......
အားလုံးငါမှာရှိနေခဲ့တာ....
နောက်တော့လဲ.....အမဲဖျက်သလို
တဲတဲလေးတောင် မကျန်အောင်
ရင်ဘတ်တစ်ခုလုံး နတ္တိ။     ။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံး
အစဉ်သဖြင့်ကျေးဇူးတင်လေးစားနေပါတယ်ရှင်။
jasmine
Saturday, 28 May 2011
***ရင်နှင့်ရင်းသော အချစ်များ***
နင့်ရဲ့အမြင်မှာ ငါပျော်ရွှင် နေတယ်လို့ ထင်နေတာလား
အတ္တတွေ အုတ်မြစ်ချ မာနတွေ ကာရံထားတဲ့
နင့်ရဲ့ တကိုယ်ကောင်းဆန်ဆန် ဖွဲ့စည်းထားတဲ့
အချစ်ဆိုတဲ့ ပူလောင်လွန်းတဲ့ အိမ်အိုဆွေးကြီးထဲမှာ
ပျော်ရွှင်မှုမရှိ  ကြည်နူးမှု  နတ္ထိနဲ့
စက်ရုပ်အပြုံးနဲ့ နင့်ကိုပြုံးပြနေရတာ
နင်တကယ်ပဲ မသိတာလား
တခါတလေ လက်တွေ့ဘ၀မှာ မရတဲ့
နင့်ရဲ့ ချစ်ခြင်းတစ်စုံနဲ့ ပြုံးပြမယ့် ရိုးသားတဲ့ အပြုံးလေးတစ်ပွင့်
အိပ်မက်ထဲမှာ ရောက်လာမလားလို့
ငါအိပ်ကြည့်ပါသေးတယ်
              ဒါပေမဲ့လဲ
လက်တွေ့ဘ၀ထက်  အေးစက်လွန်းတဲ့  နင့်ချစ်ခြင်းတွေကို
မခံနိုင်လွန်းလို့ ညညအိပ်ဖို့တောင် ကြောက်လန့်ပြီး
အိပ်ချင်ရက်နဲ့ မအိပ်ရတဲ့ညတွေများခဲ့ပါပြီ။
အချစ်နဲ့ ဘ၀ကို
ပြိုင်ပွဲလို့မင်းသတ်မှတ် လိုက်တာလား။
တစ်ကယ်တော့ငါဟာ
မီးလောင်ပြီးစ မြို့ပျက်တစ်မြို့ကိုရောက်ပြီး
ငြိမ်းချမ်းမှု ရှာနေတဲ့ သူလိုပါပဲ
ငါ့နှလုံးသားတွေဟာ
သတိလစ် မေ့မျောခြင်းတွေနဲ့
လူးလားခတ်နေတာဖြစ်မှာပါ။
မင်းရဲ့ ရင်ဘတ်ထဲက
ကြမ်းကြုတ်တဲ့ အမုန်းတရားတွေ
ဝံပုလွေတစ်ကောင်ကဲ့သို့
ငါ့ဆီကို ခုန်ထွက်လာတော့တာပါပဲ။
ဒါကိုလဲငါက အားရ၀မ်းသာစွာနဲ့
နှလုံးသားကိုဖွင့် အချစ်ရွက်လွင့်ပြီး
အပြုံးများစွာနဲ့ ကြိုခဲ့သူပါ။
တစ်သက်စာအတွက်
ဘာမက်လုံးမှမပါပဲ
ရင်အစုံ ပုံအပ် အချစ်ပေါ် အချစ်ဆင့်
ရော့ယူလိုက်ပါတော့....ရင်နဲ့ရင်းသော.....အချစ်များ။     ။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
လေးစားပြီးကျေးဇူးတင်တဲ့  jasmine
Thursday, 26 May 2011
ကြည့်သင့်သော အရာ
ဖြူဖြူမဲမဲ မသဲကွဲ
ဖြူချင်ဖြူ မဲချင်မဲ
အနေသာတဲ့ မင်းပါပဲ။
ပိန်ပိန် ၀၀ မလှမပ
ပုပု ရှည်ရှည် လူဗီလိန်
ဘယ်သူသေသေ ငတေပြီးရော
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
နေသာ သမ လေညာက
တာဝေးအပြေးသမား မင်းလေးလား
မမောမပန်းခရီးတန်း
ရေပက်မ၀င်ပါးစပ်ပြင်
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
သတင်းတွေလား အတင်း လေလား
ဘ၀လမ်းမှာ အဆုံးသတ်တာ
သေခြင်းတရား မမြဲအား
ဒါကြောင့်.......
သိက္ခာကိုကြည့် နှလုံးသားထိ
ရင်တွင်းထိုးဖောက်မြင်ပါစေ။   ။
ဝင်ရောက်ဖတ်ပေးနေသောသူငယ်ချင်းအားလုံးကို
အစဉ်လေးစားပြီးကျေးဇူးတင်တဲ့ jasmine
Tuesday, 24 May 2011
"အလွမ်း ဆိုတဲ့ အရိပ်"
စိတ်ထဲစွဲနေတာ
မမြဲသောချစ်ခြင်းတရားများ
တဲတဲလေးကျန်နေတဲ့ သံယောဇဉ်
အားလုံး......အားလုံး အပြစ်တွေဖြစ်ရပြီနော်။
တိမ်လိုလို၊  မြူလိုလို
လေနှင်ရာ ပါခဲ့လေပြီ၊
အချစ်နဲ့ဘ၀၊..... ဘ၀နဲ့အချစ်
အတွေးထဲမှာ၊ ရွှေးမရပါ
လာသမျှမေးခွန်းထဲက
အခက်ဆုံး တစ်ခုဖြစ်နေပြီ။
ပြင်းထန်မှု တွေများပြားလှတဲ့
မေတ္တာအရင်းခံထားပြီး
အလိုတူစွာနဲ့ပဲ အတင်း ၀င်ရောက်ခဲ့တာ.....ငါပါ။
တားဆီးလို့ မရတဲ့ ကံကြမ္မာ
အလွဲ အမှားတွေကြောင့်လို့
နောက်လှည့်ကြည့်စရာမလိုအောင်
ကြောက်နေမိပေမယ့်လဲ
မင်းရှိရာ အရပ်ကိုတန်းတန်းမတ်မတ်ကြီးကြည့်နေမိပြီ။
အစကတော့ ဘာမှန်းမသိခဲ့ပါဘူး
ဟုတ်သလိုလို မှန်သလိုလိုနဲ့
မဟုတ်တာတွေရော မမှန်တာရောပေါ့
အသွားမရှိတဲ့ ဒါးတစ်လက်
ဘယ်မှာအသုံးဝင်မလဲ၊ မေးစရာမလိုပါဘူး။
နှလုံးသားနဲ့ရင်းခဲ့တဲ့သံယောဇဉ်ပန်းကလေး
နွမ်းမှာကိုကြိုသိပေမယ့်လည်း
ဘယ်လိုပင်နွမ်းနွမ်း
ဘယ်လောက်ပင်ကြွေကြွေ
ဒီပန်းကလေးကိုထာဝရ မြတ်နိုးနေမှာပါ။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လေးစားနေတဲ့ jasmine
Saturday, 21 May 2011
ကြွေကျ မြေခသွားတဲ့ ပန်းတစ်ပွင့်
ခိုးကြေင်ခိုးဝှက်ပဲ ကြည့်ကြည့်
ခြောင်းမြောင်းပဲ ကြည့်ကြည့်
လိပ်ပြာလုံသောဖြစ်ရပ်အတွက်
ငါ ဘယ်သူကိုမှမကြောက်ပါ။
ဘ၀ရပ်တည်မှု အများကြီးထဲက
မကောင်းတဲ့လမ်းကို
ဘာကြောင့် မင်းရွှေးခဲ့တာလဲ
အစွန်းအထင်းတွေများတဲ့မင်းရဲ့နာမည်
ခဲတံထိပ်က ခဲဖျက်လဲ မနိုင်တော့ဘူးနော်။
လမ်းကောင်းတွေ အများကြီးထဲက
ပုတ်ပွနေတဲ့လမ်း၊ အနံ့ဆိုးတွေလမ်း၊
မင်သဘောနဲ့မင်း  ရွှေးချယ်ခဲ့ပြီး
ဟန်ဆောင်မှု အများအပြားနဲ့
ရမက်ကြီးတဲ့မင်းရဲ့ လှည့်ကွက်တွေ အတွက်
အားလုံး ကသနားနေတာပါ။
လူတစ်ကာရင်ခွင်မှာ အပျော်တစ်ရာမက
နေ့ရက်များကို နိုးထပါတော့......
အင်တာနက်မှ အခက်တွေ့ရတဲ့
နေ့များစွာကို ပြန်မြင်ပါတော့
online  ရောဂါနဲ့ဘ၀ပျက်ခဲ့တာ
ရက်မကြာသေးပါဘူး။
စမ်းတ၀ါးဝါးနဲ့ မဟားတရား
ဝင်လာတော့ အမှားကြီးမှားတော့တာပါပဲ။
တစ်သက်မှာ တစ်တယောက်တဲ့
ဟိုအကောင်ပါးစပ်က နတ်စကားလား
 အပျက်အပျက်နဲ့ ဘ၀သွေးတွေထွက်ခဲ့တာ
မင်းနှလုံးသား မဆွေးမြေ့ဘူးလား။
 ရမက်နွံ ထဲက
မရှိတော့တဲ့ မင်းရဲ့သိက္ခာတွေကို
နဲနဲခြင်းစီ ပြန်ကောက်လိုက်ပါ
ဘ၀ရဲ့ ကုန်ဆုံးချိန်မရောက်မှီ.......
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်း
အားလုံးကိုကျေးဇူးတင်လေးစားတဲ့ 
jasmine
Friday, 20 May 2011
လတ်တလောဖြစ်ပေါ်နေသော စိတ်ဆန္ဒများ (တဂ်)
ဘယ်သူကစသလဲဆိုတာတော့ကျွန်မသေသေချာချာမသိပါဘူး။
ရှေ့မှာတော့ဖတ်ခဲ့ဖူးတာတွေရှိပါတယ်....အားလုံးကစာရေးကောင်းတော့ဖတ်ရတာ
ကောင်းပြီးအဆင်ပြေပါတယ်။ ကျွန်မဆီရောက်လာတာကတော့ ဆရာသမားလေး
နေဇော်လင်းကတဂ်လုပ်လို့ပါပဲ၊ တစ်ခါမှလဲမစဉ်းစားခဲ့ပါဘူး၊ ဒါကိုရေးဖို့ဆိုတာကို
ဒါကြောင့်အဆင်ပြေဖို့ဆိုတာကိုမထင်ထားဘူး.....မှားယွင်းမှု များပြားစွာနဲ့ဖော်ပြရမှာပါ...
ဒါကိုနားလည်ခွင့်လွတ်ပြီးဖတ်ပေးစေချင်ပါတယ်ရှင်။
၁။ အစားချင်ဆုံး အစားအစာ = ပင်စိမ်းသီးကို ပဲပုတ်ဂျူးမြစ်နဲ့ရောထောင်းတာ
၂။ နေ့တိုင်းစားဖြစ်တဲ့ အစားအစာ = ထမင်း ဟင်း၊ နဲ့ ရှမ်းခေါက်ဆွဲတိုဟူး                                                  (ခေါက်ဆွဲကြိုက်တော့တစ်ပတ်ကို  ၃-၄ ရက်ခေါက်ဆွဲလုပ်စားဖြစ်ပါတယ်)
၃။ အလိုချင်ဆုံး ရေမွေး = စံပယ်နံ့ပါသောပြင်သစ်လုပ်ရေမွေး
၎။ သုံးဖြစ်နေတဲ့ ရေမွေး = TENDRE JASMINE (yves rocher)
၅။ အလိုချင်ဆုံး မွေးနေ့လက်ဆောင် =  ဒိုင်နိုဆောသားပေါက်လေး (ခုလောလောဆယ်တော့ပေးမည့်သူမရှိသေးပါ)
၆။ အလိုချင်ဆုံး ဖုန်း = မရှိသေးပါ
၇။ သုံးဖြစ်နေတဲ့ ဖုန်း = SAMSUNG
 ၈။ အရုးသွတ်ဆုံးအရာ = ကဗျာဆရာမ ၊ သီချင်းရေးဆရာမ
၉။ အနီးစပ်ဆုံး ဂီတ = ဂီတာတီးခြင်း၊ စိတ်ကိုသာယာပျော့ပြောင်းစေသောတေးသံ
၁၀။ အလိုချင်ဆုံး စာအုပ် = စာရေးဆရာသော်တာဆွေစာအုပ်အားလုံး
၁၁။ အခုဖတ်ဖြစ်နေတဲ့ စာအုပ် = မောင်ကောင်းထိုက်(ဟာသပဒေသာ)
၁၂။ အကြာချင်ဆုံး စကား = တောင်ကြီးမှမေမေ အမြဲနေထိုင်ကောင်းပြီး အစစအရာရာအဆင်ပြေကြောင်း
၁၃။ အဖြစ်ချင်ဆုံး ဆန္ဒ = မိသားစုလေးတစ်စုတစ်ဝေးနဲ့စည်းစည်းလုံးလုံးနေရန်
၁၄။ အလိုချင်ဆုံးဆု = ကျန်းမာသုခ အမြဲရရှိရန် (ကျွန်မ ကျန်းမာရေး မကောင်းပါ)
၁၅။ အသွားချင်ဆုံးနေရာ = တောင်ကြီးမှ မေမေ့အိမ်
၁၆။ သွားဖြစ်တဲ့ နေရာတွေ = KL နှင့် ဆေးရုံများ
၁၇။ အကြည့်ချင်ဆုံး ရုပ်ရှင် = စိတ်ဓါတ်ခွန်အားမြင့်မားစေသောဇာတ်ကားနှင့် ဟာသကားများ
၁၈။ အပြောချင်ဆုံး စကား = မေမေ၊ ချစ်သူ၊ သူငယ်ချင်း အားလုံး အမြဲပျော်ရွှင်အောင်နေထိုင်ပါ
၁၉။ အယုံကြည်ရဆုံး လူသား = မေမေ နှင့်ချစ်သူ
၂၀။ မယုံကြည်ရဆုံး အရာ = ကံတရား
၂၁။ အမုန်းဆုံးအရာ = နောက်ကြောကိုဓါးနဲ့ထိုးတတ်ကြသူများ
၂၂။ အသောက်ဖြစ်ဆုံး အအေး = ရေ နှင့် juice
၂၃။ လတ်တလော အထိတွေဆုံး အရာ = ကွန်ပြူတာ၊ ဂီတာ၊ ဟာသစာအုပ်၊ ကဗျာစာအုပ်
၂၄။ မကောင်းတဲ့ ကျန်းမာရေး = နေပူမိရင်ဖျားတယ် မိုးရေမိရင်နေမကောင်းဖြစ်တယ်
၂၅။ အကောင်းဆုံးအဖော် = သစ္စာရှိသောသူငယ်ချင်း၊ စာအုပ် ၊ သီချင်း
၂၆။ အကြိုက်ဆုံး သီချင်း = Power Of Love....
၂၇။ အကြောက်ဆုံး အလုပ် = အိပ်ရေးမ၀ပဲအမြဲစောစောထရတဲ့အလုပ်
၂၈။ တန်ဖိုးအထားရဆုံး အရာ = မေမေ၊ ချစ်သူ၊ သစ္စာရှိတဲ့သူငယ်ချင်းများ
၂၉။ အကြောက်ဆုံး တိရစ္ဆာန် = သေးသေးကွေးကွေးနဲ့ပျော့စိစိအကောင်အားလုံး
၃၀။ တွေ့ဖြစ်နေတဲ့ ဘလော့ဂ်ဂါတွေ = တောက်ပကြယ်စင် ဘသားချော၊ အလင်းသစ်၊ခနွဲ ၊မောင်စွယ်စုံ၊နေဇော်လင်း၊ Angelhlaing ၊ ကျေးလက်သားလေး ၊ ပုသိပ်သားလေး ၊  ဒုတိယလူ၊ထာဝရသစ္စာ
နန်းကြာဦး၊ ခင်မောင်ချင်း......ရှိသေးတယ်အများကြီးပဲ..
၃၁။ အပြင်သွားတိုင်းပါတဲ့ ပစ္စည်း = ဖုန်း၊ ပိုက်ဆံအိတ်
၃၂။ သွားဖြစ်တဲ့ နေရာတွေ = ဆေးရုံ၊ kl ဆေးခန်းများ
၃၃။ စိတ်အညစ်ဆုံး အချိန် = နားလည်မှုမရှိသောသူများနှင့် စကားပြောရသောအချိန်
၃၄။ အနေချင်ဆုံး နေရာ = တောင်ကြီးမှ မေမေ့အိမ်
၃၅။ ကြားလိုက်မိတဲ့ ဟာသ တစ်ခု = အမြဲလိုလိုကြားဖြစ်နေတယ်၊  မောင်ကောင်းထိုက်ဖတ်လို့
(“တစ်ယောက်ထဲ ချစ်တာကောင်းလား၊ 
ဒါမှမဟုတ် နှစ်ယောက်(သို့မဟုတ်)နှစ်ယောက်ထက်ပိုပြီး 
ချစ်သူထားသင့်သလား”
         “ဘယ်ကားသမားကိုမေးကြည့် မေးကြည့်၊
အပိုဘီးထားတာ ကောင်းတယ်လို့ဖြေကြမယ်”)
၃၆။ ပေးချင်တဲ့ သတင်းတစ်ပုဒ် = မလေးရှားမှ ဒုက္ခသည်များစွာကို Australian နိုင်ငံမှခေါ်ယူမည်ဟုသိရသည်
၃၇။ အပျော်ဆုံး ဖြစ်မဲ့အချိန် = မေမေရယ် ကို့ချစ်သူရယ် ကိုရယ် တူတူနေရမည့်အချိန်
လတ်တစ်လော စိတ်ဆန္ဒလေးတွေကတော့ဒါတွေပါပဲ...စိတ်ဆိုတာပြောင်းလဲတတ်သောအရာတစ်ခု
ဖြစ်နေပါသောကြောင့် နောင်ပြောင်းလဲခဲ့သော်.....
အဆင်အပြေဆုံးဖြစ်အောင်ကြိုးစားပြီးဖော်ပြထားပါတယ်...တစ်စုံတစ်ရာမှားယွင်းခဲ့သော်
စာဖတ်သူများအားလုံးက ပညာမပြည့်ဝသော jasmine အားနားလည်ခွင့်လွတ်ပေးပါရန်
ပြောလိုပါသည်ရှင်။   ။
အားလုံးကိုကျေးဇူးတင်လေးစားနေတဲ့ jasmine
Thursday, 19 May 2011
ဝီစကီတစ်ခွက်ရဲ့ အချစ်
ခါးသက်သက် ၀ီစကီ
ရေမရောပဲ
ပြင်းရှရှ အရသာ
ဘယ်သူသောက်မလဲ
အေးမြတဲ့ ကိုကာကိုလာ
ရောလိုက်လေ
ရေခဲထဲ့
ကောင်းလိုက်တဲ့ အရသာ
ပီသတဲ့အချစ်.......
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လေးစားတဲ့......jasmine
Monday, 16 May 2011
ရင်ဘတ်ထဲက နှလုံးသား...နှလုံးသားထဲက အလွမ်း
လလေးတစ်ခြမ်းမပြည့်
ဓူဝံ ကြယ်ပြောက်သွား ကြယ်လေးတွေ မှန်းဆမရ
မိုးကောင်းကင်ကြီး မဲနက်နက်
စိတ်တွေခြောက်ချား
ချစ်မိတာမှားလား  နှလုံးသား အပြစ်များ
ရစ်ပတ်နှောင်ဖွဲ့....ပြစ်ဖို့တော့ မကြံစည်ပါဘူး။
သံယောဇဉ်တွေ မီးပွင့်မတတ်
အလွမ်းတွေ အထပ်ထပ်နဲ့
အိပ်မရ ညများ ၀ိုင်တစ်ပုလင်းနဲ့
ငါ့ကိုထားခဲ့မှာလား။
ရင်ဘတ်ထဲက နှလုံးသား.....နှလုံးသားထဲက အလွမ်း
လူက တစ်နေရာ နှလုံးသားက တစ်နေရာ
အချစ်တွေ ဟောင်းလောင်းနဲ့ ဘယ်မှ မသွားတတ်လို့
မင်း အနားမှာပဲ နေပါရစေတော့။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လေးစားနေတဲ့
jasmine
*** ဖတ်ပါ*** ပြီးတော့ ပြုံးဖြစ်အောင်ပြုံးပါ
“၀က်နဲ့ယောက်င်္ကျား ဘာခြားသလဲ”
“အရက်မူးတဲ့အခါ ၀က်ဟာ ဘယ်တော့မှ ယောက်င်္ကျား
တစ်ယောက်အသွင်ပြောင်းမသွားဘူး”
                         --------------------------------------
“ယောက်င်္ကျားဖြစ်သူ ဘယ်မှာရှိလဲဆိုတာ အမြဲတမ်းသိတဲ့မိန်းမဟာ
ဘယ်လိုမိန်းမမျိုးလဲ”
“မုဆိုးမ”
                        ----------------------------------------
“လေယာဉ်ပျံနဲ့ ရထားလက်မှတ်တွေ ဘာဖြစ်လို့
ဈေးတက်ကုန် ရတာလဲ”
             “အသုဘ ချတဲ့စရိတ်ပါ ထည့်ပေါင်းထားလို့”
                         ----------------------------------------
“မိန်းမတွေဟာ ဘာဖြစ်လို့ ယောက်င်္ကျားတွေထက် အသက်ပိုရှည်
ကြတာလဲဟင်”
         “ဆေးသုတ်ထားတဲ့ပစ္စည်းဟာ အမြဲတမ်းပိုခံတယ်လေ”
                         -----------------------------------------
“မင်္ဂလာဦးညမှာ အိပ်ယာခင်းမပေအောင် ဘာလုပ်ရမလဲ”
          ခြေတောက် ကိုကောင်းကောင်းဆေး”
                          ----------------------------------------
“ရေထဲမှာ အရည်မပျော်သွားတဲ့
အရာတွေက ဘာတွေလဲဟင်”
           “ ငါးတွေ”
                          --------------------------------------
“တစ်ယောက်ထဲ ချစ်တာကောင်းလား၊ 
ဒါမှမဟုတ် နှစ်ယောက်(သို့မဟုတ်)နှစ်ယောက်ထက်ပိုပြီး 
ချစ်သူထားသင့်သလား”
         “ဘယ်ကားသမားကိုမေးကြည့် မေးကြည့်၊
အပိုဘီးထားတာ ကောင်းတယ်လို့ဖြေကြမယ်”
                          -------------------------------------
“ကွန်မြူနစ်ခေတ်မှာ ခိုးတာဝှက်တာရှိဦးမှာလား”
“မရှိဘူး၊ ဆိုရှယ်လစ်ခေတ်မှာကတဲက
ခိုးလို့ကုန်ပြီ”
                           --------------------------------------
ဖတ်ခဲ့ဖူးသော မောင်ကောင်းထိုက်(ဟာသပဒေသာ)
မှ ဖော်ပြပေးခြင်းဖြစ်ပါသည်။
ရယ်သောသူသည် အသက်ရှည်ပြီးနုပျို၏။
ဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံး
ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေ......
jasmine
Sunday, 15 May 2011
မေမေများသို့...............................
မေမေ
နေ့ရက်များစွာ ဒုက္ခဆင်းရဲ
ရှောင်ရှားရတဲ့ အစားအသောက်
ဆင်ခြင်ရတဲ့ အနေအထိုင်
ယုယ ဂရုစိုက်ရတဲ့ ဒီကိုယ်ဝန်ကြီးနဲ့
ဘ၀ကို သတ္တိရှိရှိ ပြုံးပြုံးလေး
လျှောက်လှမ်းခဲ့တယ်နော်........
မရဏမင်းစစ်ခင်းရတဲ့အချိန်
နှိုင်းဆမရတဲ့ နာကျင်မှု ဝေဒနာ
ပြောပြလို့မရတဲ့ ပင်ပန်းမှုဒဏ်တွေကို
လူ့လောကထဲကို ပထမဆုံးရောက်ရှိလာတဲ့
သမီးရဲ့ ငိုသံချိုချိုလေးနဲ့
(မေမေ့ရင်မှာ ထိုငိုသံသည်ချိုနေပါလိမ့်မည်)
ရင်ဆိုင်ရတဲ့ ဝေဒနာအားလုံးကို လွင့်ပျောက်နိုင်ခဲ့တယ်တဲ့လား အာလုံးသောရဲ့မေမေရယ်.......
ကလေးဘ၀က ညရေညတာ အိပ်မရတာလဲ
တခါလေးမှ အိပ်ရေးပျက်လိုက်တာ
ညီးညူမှာမဟုတ်တာ အားလုံးသောရဲ့မေမေပါ
ငိုသံ ယိုသံ အော်သံ ဟစ်သံ ချွဲသံ
နားမခံသာတဲ့ အသံပေါင်းစုံကလဲ
မေမေတို့အတွက် အနှိုင်းမဲ့ ဂီတတေးသွားတဲ့လား အားလုံးသောမေမေရယ်.........
မေမေတို့ရဲ့နို့ရည်ချိုချိုကို တိုက်ကျွေးပြီးတော့လဲ
လောကအလည်မှာ တင့်တောင်းတင့်တယ်
မျက်နှာမငယ်ရရေး ပညာနို့ချိုကိုတိုက်ဖို့အရေးထူးချွန်ထက်မြက်
လူတကာအထက်မှာနေဖို့အရေး
ကျောင်တော်ဆီသို့ ချော့မော့ခြောက်လှန့်ပြီးပေးပို့ခဲ့တာလဲ
ကျွန်မတို့ရဲ့ လက်ဦးဆရာ မေမေတို့ပါ.............
ပညာစုံလို့ လောကအလည် သူများတကာ
သားသမီးတွေထက် အ၇ာရာသာလို့
ခေါင်းမော့နေရင် ပိတိဖြာနေတတ်တဲ့
ကျွန်မတို့ရဲ့ မေမေအပြုံး ကမ္ဘာသုန်းတောင်
တုနှိုင်းမရတဲ့ အနှိုင်းမဲ့အပြုံးပါ မေမေတို့ရာ.....................
အချိန်တန်လို့ တနေရာ တရပ်အဝေးသို့ထွက်ခွာ
သားသမီးဆီက စာတိုပေစ တလတခါရလျှင်ပင်
ဒေါ်လာသန်းချီရသည်ထက်ပင် ကြည်နူးကြတာ
သမီးတို့ရဲ့ အနှိုင်းမဲ့ မေတ္တာရှင် မေမေတို့ပင်..................
ဘယ်အရပ်ဘယ်ဆီ ဘယ်နေရာ ဘယ်ရောက်ရောက်
ဆင်းရဲလဲတ ချမ်းသာလဲတ ပျော်ရွှင်လဲတ ငိုကြွေးလဲတ
အမြဲထာဝရ သမီးရင်မှာ ပြောနေတာက
အရမ်းချစ်တယ်မေမေရယ်.........
(အရမ်းချစ်တယ်မေမေတို့ရယ်)
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အမြဲလေးစားပြီးကျေးဇူးတင်နေတဲ့
jasmine
Wednesday, 11 May 2011
***ရူးမိုက်သောချစ်ခြင်း ၊ အပြစ်တော့ကင်းပါတယ်***
ငိုသံတွေ အများကြီးထဲက
ကဗျာမဆန်တဲ့ မျက်ရည်စက်တွေ
ပင်လယ်ထဲစီးဝင်တော့
သဲထဲရေသွန် ဖြစ်ရတာပေါ့။
သံယောဇဉ် ကတော့ ပါးပါးလေးကျန်နေတာပါ
နာကျင်ခံစားမှုတွေက တနင့်တပိုး
ဘယ်လိုမှ မညီမျှတဲ့ ဆုံးဖြတ်ချက်တွေက
အေးချမ်းတဲ့ဘ၀ကို ယိုင်နဲ့နဲ့ဖြစ်စေတာပဲ။
အစထဲက မသေချာရင် မလာပါနဲ့လား
ဥပေက္ခာခြေရာတွေ...နေရာအနှံ့.......ပြန့်ကျဲ.....
မခိုင့်တခိုင် ဖြစ်နေတဲ့....သစ္စာတရား ဆိုတာ
ခါးသီးလို့နေစမြဲ။
မျော်လင့်ချက်တောင်တန်း
ရှည်နေသလား......
တောင်ပံကျိုးတဲ့ ဌက်တစ်ကောင်လို
လေအလွင့်ကိုစောင့်ရ ရင်နဲနဲကောင်းမယ်ထင်
လမ်းခုလပ်မှာ ပြုတ်ကျခဲ့တဲ့မင်း ရဲ့
သစ္စာတရားတွေကို ကူညီကောက်ပေးချင်ပါတယ်
ခွင့်ပြုမှာလား.....
အဲဒီနောက်ကိုလိုက်ရင်း.....မောပန်းလာတယ်။
ချယ်ရီတွေစောင့်တဲ့ ဒီဇင်ဘာ
မရောက်သေးတာ ကျေးဇူးပါအချစ်ရယ်
မျော်လင့်ခြင်းတွေ တစ်ဖြေးဖြေးနဲ့
အရောင်ရင့်လာပြီ...
ငါအမြဲသောက်နေကျ ကော်ဖီ
မင်းအပြုံးလိုဖြစ်နေတာလား....
အချိုမပါ....ခါးသက်သက် မဟုတ်တဲ့
အခါးစစ်စစ်။
ချစ်ခြင်းတရားတွေက
အာဖရိကစိန်လို.....အရမ်းရှားနေတာ
မင်းသိဖို့တော့လိုအပ်ပြီ။
မျော်လင့်ခြင်းအိမ်မက်တွေ
အချိုမပေါ့သေးဘူး
.....မင်းပေးတဲ့နာကျင်မှုတွေက
ငါ့ရင်ထဲမှာ.....နယူးဇီလန်က နွားနို့နဲ့လုပ်တဲ့
ချောကလက် တစ်ပြားစားရသလိုပဲ....
ဖြူစင်ပြီး ချိုမြနေတာပါ။
မင်းရဲ့ဟောင်းလောင်းဖြစ်နေတဲ့ရင်ဘတ်နဲ့ပဲ
ရောက်အောင်လာခဲ့ပါ။
ငါ့ရဲ့ မနိုင့်တစ်နိုင့် (၀န်ထုတ်ဝန်ပိုး)
သံယောဇဉ်တွေနဲ့ မင်းကိုကြိုနေမှာပါ။
ကျသမျှမျက်ရည်အားလုံးကိုမေးကြည့်ပါတယ်
မင်းကိုပဲ....တမ်းတနေတာတဲ့..
စိတ်အတွေးတွေအားလုံး တွေဝေ
ခြေလှမ်းတွေ ပြိုလှဲ
နှလုံးသားက ကြေကွဲပေမယ့်
ရင်ထဲက.....အကြင်နာတွေကတော့ နေမြဲအတိုင်းပါပဲ။ 
ဝင်ရောက်ဖတ်ပေးနေသောသူငယ်ချင်းအားလုံးကို
လေးစားစွာကျေးဇူးတင်နေတဲ့
jasmine
Monday, 9 May 2011
***နှလုံးသားထဲက မောင်***
တစ်နေ့ ပြီးတစ်နေ့
ရင်ထဲ ထိအောင်
အမုန်း စစ်ခင်း
မင်း ကျင်းပ နေတာ
ဘာသဘောလဲကွယ်။
တစ်ရက် ပြီးတစ်ရက်
ရင်ထဲ ငြိအောင်
သံသယ အမုန်း
နှလုံးမူပြီး
ပူဆွေးခြင်းတွေ ပေးခဲ့ပြီ။
နေ့ခင်းရဲ့ ပင်ပန်းနွမ်းနယ်မှု အားလုံး
ညအခါ မင်းရှိခဲ့ရင် အားလုံး ပြည့်စုံပါပြီ။
ချစ်ခြင်းနဲ့ သစ္စာ တရား
အားလုံး အပြိုပြို အလှဲလှဲ
အရှုံးပေးပြီကွယ်.......မင်းလေးကျေနပ်ပါတော့
အရင်တုန်းက ချိုသောစကား
ပျားသကာအလား
မင်းပြောခဲ့ဖူးတယ်။
ကပိုကရို နဲ့ ရင်ဖိုအောင်လဲ
မင်းလေး လုပ်နိုင်ခဲ့ပါတယ်။
ညလေးတစ်ည လသာသာ
ပန်းစံပယ်လေး ဖြူဖြူဖွေး
မင်းပေးခဲ့ဖူးပါတယ်။
ခုတော့ အရာအားလုံး
အဆုံးသတ်......အမုန်းဇာတ်နဲ့
မီး သင်္ဂြိုလ်ပြစ်လိုက်တာလား။
တစ်ခုတော့ ပြောပါရစေ
ငါ မဲပါစေ......မင်းဖြူရင်ပေါ့
ငါ မှောင်ပါစေ....မင်းလင်းစေတော့
ငါ ပူပါစေ.....မင်းအေးရင် ငါကျေနပ်နေမှာပါ
ရေဘူးပေါက်ပါစေ....မင်းအတွက်ရေပါစေရမယ်နော်
အဲဒါတွေဟာ......နှလုံးသားထဲက စကားလုံးတွေပါ။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးနှင့်
အလုပ်မအားသဖြင့်မဖတ်နိုင်သောသူငယ်ချင်းအားလုံးကို
ထာဝရ ကျေးဇူးတင်နေတဲ့ jasmine ။    ။
Sunday, 8 May 2011
***မေမေသို့လွမ်းချင်း*** အပိုင်း ၂
ဘဝဆိုတာ ဆေးစက်ကျရာ အရုပ်ထင်သလို စိတ်ကူးသက်သက်နဲ့သာ တည်ဆောက်လို့ရရင်
ဘယ်လောက်များ ငြိမ်းချမ်းသာယာလိုက်မလဲနော်
တိတ်ဆိတ်ငြိမ်းချမ်းတဲ့ တောင်ပေါ်မြို့လေးက ကျွန်မရဲ့ဇာတိမြို့လေးပါရှင် ။
              မေမေ ရယ် ကျွန်မရယ် ကျွန်မရဲ့ ပန်းခင်းလေးတွေရယ် ၊ ပတ်ဝန်းကျင်က ချစ်စရာကောင်းတဲ့သူငယ်ချင်းတွေကတစ်မျိုး..........
ချစ်သောချယ်ရီပန်းတွေက အိမ်အရှေ့ ကတောင်ပေါ်မှာအပြည့်......
.......ကျွန်မ ကြိုက်သော ပဲပုတ် .....ပင်စိမ်းသီး.....ဂျူးမြစ်....ဒါတွေ အားလုံး...အတွေးထဲမှာ
ဖြောက်ဖျက်မရ။
မေမေရေ  စိတ်ကူးကလန့်နိုးလာတဲ့အခါ...
မွန်းကြပ်တဲ့အခန်းကျဉ်းလေးရယ်၊ကားသံလူသံဆူညံညံနဲ့
မြို့ပြရဲ့အနံ့တွေရယ်ရေခဲသေတ္တာထဲကခဲနေတဲ့အသားတုံးကြီးများ၊မြေကြီးအစစ်
နဲ့မစိုက်တဲ့ ပေါ့ရွှတ်ပြီးထွားကျိုင်းနေသော ဟင်းသီးဟင်းရွက်များ
စက်ရုပ် အပြုံးနဲ့ဟန်လုပ်နေသောလူအများ.......ဒါတွေအားလုံး
မေမေ အေးရိပ်ကဝေးခဲ့တဲ့အချိန်ကစပြီး ....................ခံစားရတာပါ။ တစ်နေ့တစ်ခြားများလာတော့လဲ ရင်မှာမဆန့်အောင်ပါပဲ မေမေ။
တောင်ပေါ်မြို့လေးမှာ မေမေ တယောက်ဘယ်လိုနေဘာသလဲ....
မေမေ လည်းကျွန်မ ကဲ့သို့လွမ်းတမ်းတနေမယ်ဆိုတာ မေးစရာမလိုပါဘူးနော်။
လူစင်စစ်က ပိုက်ဆံရှာတတ်သော စက်ရုပ်တွေဘဝ တွေကိုရင်ဆိုင်နေရသလို
စက်ရုပ် ဆန်သော ပတ်ဝန်းကျင်.....စက်ရုပ်ဆန်သော လူနေမှု အောက်မှာဆိုပေမဲ့
မေမေ ကိုလွမ်းတဲ့ ဝေဒနာက ပျောက်မသွားပါ......
ဖုန်းမပြောရတဲ့ရက်တွေ....မေမေအသံကိုကြားချင်နေမိတယ်။
ပြီးတော့ နွေဦး.....ရောက်ပြီ....မြက်ခင်းပေါ်မှာပိုးပုဝါ အဖြူခင်းထားသလိုထင်ရတဲ့ ဆောင်း....ကျန်ခဲ့ပြီ။
နွေဦးပေါ့နော် မေမေ
ဟိုတလော ဖုန်းပြောစဉ်က မေမေ ပြောတာမှတ်မိသေးတယ်
ဒီနှစ်ဆောင်းအအေးပိုလို့ မေမေ အရမ်းချမ်းတာပဲ့တဲ့
လူကြုံနဲ့ မေမေ အတွက် လက်အိပ်၊ခြေအိပ်၊ လည်စီးပုဝါ စားစရာ.၊
အမြဲ ထည့်ပေးလဲ မြ့ပည့်စုံပါဘူးမေမေ။ လိုအပ်နေတယ်နော်....အဲတာ...
              ကျွန်မ ဆိုတဲ့ သမီးဆိုးကိုပါပဲရှင်.........
အလွန်ပူပြင်းတဲ့နွေကိုလဲ ဖြတ်သန်းခဲ့ရပါပြီ.. မေလ ကုန်ခါနီးရင်ဖြင့်
မိုးငွေ့လေးများဖြင့် မေမေ အေးချမ်းမှာပါနော်...ဥတု ရာသီ အပြောင်းအလှဲ
ဆိုရင် မေမေ ကိုစိတ်ပူမိပါရဲ့.....ဒါတွေကို မေမေ သိပါရဲ့လားဟင်။
မေမေသည် သူမချစ်ခြင်းကို ကျွန်မ အားမပြသခဲ့ပါ သို့သော်လဲ
ကျွန်မခံစားလို့ရခဲ့ပါတယ်ရှင်။
တစ်ခါတရံ ကျွန်မ အထီးကျန်ခြင်းကိုခံစားရပါတယ်..
အဲလို ခံစားရချိန်တွေမှာ.....ရင်ထဲကထိခိုက်နာကျင်ခြင်းတွေပြည့်လာပါတယ်....
ဒီလိုအချိန်ရောက်တိုင်း ရင်ထဲကို ပထမဆုံးဝင်ရောက်လာသူဟာ
ကျွန်မရဲ့ တစ်ဦးတည်းသော အနှိုင်းမဲ့ မေမေပါပဲရှင်။
မေမေရဲ့ အကြင်နာမေတ္တာတရားတွေဟာ ကမ္ဘာကြီးပေါ်မှာ
ဘယ်အရာနှင့်မျှ  တုနှိုင်းမယှဉ်သာ ဘူးဆိုတာကို ကျွန်မသိလာရတဲ့အချိန်................
 ပင်လယ် ကာခြား တံတိုင်းတွေတား ထားတဲ့ မြေမှာ
အလှမ်းဝေးနေတာကို တွေးတွေးပြီး ရင်နာနေရတာ မေမေ သိပါလေစ။
ဖြူစင်သန့် ရှင်းမွေးပျံ့ ကြိုင်သင်းတဲ့ မေမေရဲ့
ချစ်ခြင်းစစ်စစ်တွေ ကျွန်မဆီမှာ
အမြဲရှိနေတာကို သိလိုက်ရတဲ့ အချိန်..................
များပြားလှသောမိခင်အားလုံးရဲ့စိတ်တစ်ခုတည်းမှာ.
တုန့်ပြန်မှု ကိုမလိုလားသော တစ်ကိုယ်ကောင်းမဆန်သောစိတ်သည်
မိမိတို့သားသမီးအပေါ် ထားရှိသော စေတနာစစ်စစ်ဖြစ်သည်ကိုကျွန်မသိရချိန်..................
               ကျွန်မသည် မေမေနဲ့အဝေးဆုံးတစ်နေရာတွင်
ထုတ်ဖော်မပြတတ်တဲ့မေမေ ကြင်နာမှုတွေကို သတိရတမ်းတစွာဖြင့်
အဝေးဆုံးရဲ့ အဝေးဆုံးတွေမှာ ။     ။ 
မိခင်များနေ့အတွက်သီးသန့် အသစ်မရေးနိုင်သောကြောင့်
မေမေသို့လွမ်းချင်း အပိုင်း ၁ အားပြန်လည်ကာဖြည့်စွက်ပြီး
အပိုင်း ၂ ဖော်ပြရခြင်းဖြစ်ပါသည်။
jasmine 
(မိခင်အားလုံးသို့)
Friday, 6 May 2011
***ပျောက်ဆုံးသွားခြင်း*** (သို့မဟုတ်) အိမ်မက်အပိုင်းအစ
ငါကလဲ ဘုရင်မ ပဲဖြစ်ချင်နေသူပါ
မင်းကလဲ မိဖုရား အလိုရှိနေတာလေ...
အဲဒီမှာ...သဘောထားတွေ စပြီးကွဲကြရပြီပေါ့
အစကတဲက မသေချာတာကို
ဘယ်လိုများအဖြေညှိဖို့ မင်းပြောရတာလဲကွယ်။
မကြေငြာပဲ ငါထွက်ခွါခဲ့တာမဟုတ်ဘူးနော်
သူသိ ရှင်ကြား ကြေငြာပြီး
အသေအချာမှောင်းခတ်ခဲ့တာပါ။
နောက်ဆုံးထွက်သက်ကို ထုတ်ယူဖို့
မင်းကြိုးစား....ပုံပြင် မဟုတ်ချစ်ခဲ့တဲ့ရက်များ
ဒီရေတွေ ငါ့ ကိုမစောင့်......အချိန်တွေ အားလုံးမင်းကယူသွား
ဥပေက္ခာတွေ ထားခဲ့.....အကြင်နာတွေ...ပင်လယ်အောက်ကိုရောက်
အမုန်းတရားနဲ့ လှည့်ဖျား
ငါ့ အသဲတွေ မင်းစားသွား
မြားနတ်မောင်ရဲ့ ဗေဒင်မှား။
ရှုံးသွားသူက ခြေလှမ်းကျဲကျဲ မှာ
ပါးစပ်ဖြဲပြီး အော်ငိုရမှာလား
နှလုံးသွေးတွေ စိမ်းစိမ်းရှင်ထွက်
ချယ်ရီတွေ ချွေးထွက်
စံပယ်ဖြူတွေ သွေးစွန်း
နှင်းဆီတွေက ဆူးကြိုး
သံယောဇဉ် မကုန်ရင်တော့လိုက်ခဲ့
အကြိုက်တော့တွေ့မှာ မဟုတ်ဘူးနော်။
ပူပြင်းတဲ့နွေကို ခပ်ကြမ်းကြမ်းရင်ဆိုင်ခဲ့သူတစ်ယောက်
ကြယ်တွေ လတွေလဲအိပ်ငိုက်
ကောင်းကင်ကြီး အဖော်မဲ့
ဝိညာဉ်နဲ့ ည
ညနဲ့ ၀ိညာဉ်
ကံကြမ္မာ အလှဲထိုး
ကြိုးဝိုင်းထဲက ငါ
ဒူးထောက် ခေါင်းငုံ
ရင်ဘတ်ကြီးဟောင်းလောင်းနဲ့
ပေါင်းမရမယ့် အဆုံး
အချစ်တွေ...အားလုံး
လူသတ်ကုန်းကိုပို့
တောင်စွယ်နေကွယ် တော့
ဘုရားသခင်ထံရောက်.....
ရင်ဘတ်ထဲက အကြင်နာတွေလဲ ပျောက်....
ဘယ်ရောက်သွားခဲ့ပြီလဲ.........
ဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံးကို
လေးစားစွာ ကျေးဇူးတင်နေတဲ့ jasmine
Tuesday, 3 May 2011
သူငယ်ချင်းသာယာသို့
ငယ်ငယ်တုန်းက သူငယ်ချင်းဖြူစင်စွာနဲ့
ချစ်ခဲ့ဖူးပါတယ်။  
အားတဲ့ အချိန်လျှောက်လည်ရင်း  
ဟိုနားဒီနားရောက်ခဲ့ဖူးပါတယ်။
တောင်ကြီးဟိုတယ်...ရပ်တော်မူ
လွမ်းစေတီ လဲ သွားခဲ့တာပဲ  
အိမ်ကိုအလာ..မြို့ဦးမှာ  
တိုက် ၆ လုံးလဲရောက်ပြန်ကာ  
သူနေထိုင်ရာ ကန်အောက်ရပ်  
ဈေးအနားမှာပါဗျ
ချယ်ရီလမ်းက သူငယ်ချင်းရေ
ငယ်ဘ၀ကိုမေ့ပြီထင်  
မေ့ပါနဲ့နော်သာယာလေး  
ငယ်သူငယ်ချင်း ဖြူစင်အေး
တို့များတစ်ခါပြန်တွေ့တာ
မှတ်မိသေးလားကွာ  
နင်ရယ်ငါရယ်လျှောက်ကာသွား
မြို့တောင်ကြီးရဲ့...အနှံ့ပါဗျ။  ။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
လေးစားစွာကျေးဇူးတင်တဲ့ jasmine 
Share
Twitter Delicious Facebook Digg Stumbleupon Favorites More