Tuesday, 19 July 2011

***လူမသေသရွှေ့ အချစ်လဲမသေနိုင်ပါ***

မင်းမရှိရင် ရှင်သန်ခြင်းမရှိတဲ့
ဘ၀တွေအတွက် မင်းနင်းမယ်ဆိုလဲ
ငါ့အသဲ လမ်းခင်းပေးဖို့ ၀န်မလေးပါဘူး
မင်းပြောခဲ့ဖူးတဲ့ စကား ။

တကယ်ပြောတာပါ အရမ်းကြီးမဟုတ်ခဲ့တဲ့
အချစ်ဖျော့တော့တော့လေးကို
ခေါင်းမော့ပြီးလက်ခံခဲ့တာလေ
ငါလက်ခံခဲ့တဲ့ အပိုင်း ။

မျက်ရည်တွေ အချိန်ပြည့် စိုထိုင်းခဲ့
ကောင်းကင်တစ်ခွင် ညိုမှိုင်းနေတဲ့ ရာသီ
ပတ်ဝန်းကျင် အားလုံး စုတ်ပြတ်သတ်သွားအောင်
ရွာတဲ့ ဂျူလိုင်မိုး
အတိုးရော အရင်းပါပေါင်းပြီး
သောင်းကြမ်းနေလေရဲ့ ။

နောင် အနာဂါတ်မှာ
တစ်သက်လုံး မက်ခွင့်မရှိတဲ့အိမ်မက်
မျော်လင့်မရတဲ့ အဆုံး
မုန်းဖို့လဲ မလွယ်
အသဲထဲက တွယ်တာမှုတွေ
အားလုံးပေါင်းလိုက်တော့
ဘ၀မှာ အလွမ်းတွေ
စကြာဝဠာကြီးထဲ နေရာအနှံ့ ။

ဂန္တ၀င်မမြောက်တဲ့ ဒီချစ်ခြင်းတွေမှာ
ရိုးသားမှုတော့ ရှိခဲ့ပါတယ်....
ကြိုးစားမှု တွေလဲ များခဲ့ပေမယ်
ကံတရားက ဘက်လိုက်မူဝါဒ ကျင့်သုံးတော့
ဝဋ် ကိုသာ အပြစ်တွေပုံချ
ရောက်ရာ အခန်းက ကပြခဲ့ ရတာပေါ့ ။

မင်းနှလုံးသား ကျဉ်းကျဉ်းလေးထဲက
ငါ့ရဲ့ သံယောဇဉ်တွေ
ဆောင့်ကြီး အောင့်ကြီး ပြန်ထွက်ပြေး
အရေးနိမ့်ခဲ့ရ အငြိုးအတေးက ဘာမှ မရှိ ။

လမ်းလျှောက်ရင်း တဖြေးဖြေး
ခြေလှမ်းတွေကျဲ အမဲရောင်ဖြစ်သွားတဲ့
အကြင်နာတရား ငါဘ၀အတွက်
မှားများသွားပြီလား
စဉ်းစားရင်း နေပါဦးလို့
တားမယ့်သူမရှိ ခါးသီးရတဲ့ အချစ်တွေအတွက်
စည်းလဲ မထားတော့ဘူး
နောက်တစ်ခါဆိုရင်တော့
အမှာစာ မပို့ပါနဲ့.....
ချစ်ခွင့်ရှိသမျှ ဆက်ချစ်မှာပါ ။


စာဖတ်သူအားလုံးကိုလေးစားလျှက်ပါရှင်
ကျေးဇူးတင်စွာဖြင့်
jasmine

15 comments:

အမှာစာ မပို့တော့ပါဘူး..ချစ်ခွင့်မရှိလည်းဆက်ချစ်နေမယ်။ဟိဟိ

အင်း..
ချစ်ခွင့်ရှိသမျှ.. ဆိုတော့ 
“ လစ်မစ်တေးရှင်း ” ရှိနေသလိုပဲနော်၊
အကန့် အသန့် လေးပေါ့ ၊ ဘယ်လိုလုပ် ဝ,မလဲဗျာ..၊
ချစ်ဖို့ လေ...။
ကောင်းပါတယ်ဗျာ..၊ကဗျာလေးက..။

လက်ရာတွေ တဖြေးဖြေးနဲ့ ပြောင်မြောက်လာပြီ Jasmine ရေ။ ကဗျာကောင်းလေး လာဖတ်သွားတယ်။ ကျန်းမာပျော်ရွှင်ပါစေ...

ကဗျာ ကောင်းလေးကိုဖတ်သွားပါတယ်
တော်တော်လေးလည်း တိုးတက်လာတယ်...
အလယ်....ဆရာကြီးလေသံနဲ့ ဟီးဟီး.......။
ဒါပေမယ့်
နေမကောင်းတဲ့ကြားထဲက
အသည်းကွဲနေတာတော့
မျက်စောင်းထိုးပစ် ခဲ့တယ်။

အချစ်ဆိုတာ မသေပါဘူး....

ကဗျာကောင်းလေးခံစားသွားပါတယ်။
ချစ်ခွင့်ရှိသမျှဆက်ချစ်နေမယ့် အစ်မ ကိုတော့
ကိုယ်ချင်းစာမိပါတယ်။

ကဗျာခေါင်းစဉ်ကတော့....မိုက်တယ်ဟေ့...
Air Bunga Makan Selalu ပဲ......ဟိ..ဟိ

ညီမ ရေ

ကဗျာလေး လာဖတ်သွားတယ်နော်

ရွှေစင်ဦး

နေမကောင်းတာ ကဗျာလေး စပ်လိုက်ရတော့ သက်သာသွားပြီလား။
ဆီချက်ခေါက်ဆွဲ ဒီညလုပ်ကျွေးမယ် မြန်မြန်နေကောင်းအောင်လေး)

မေတ္တာဖြင့်
အန်တီတင့်

အချစ်ကဗျာတွေေ၇း ပြီး
ချစ်ခြင်းမေတ္တာတွေနဲ့ ထာဝရ
ပြည့်ဝ နေပါစေ......။

တိုးတက်လာတယ်...သတ်ပုံအမှားလည်း မတွေ့သလောက် ဖြစ်လာပြီ...
“မဲ”ဆိုတာကို “မည်း”လို့ ရေးရပေမယ့် ဒီဘက်ခေတ်မှာတော့ အဲဒီလိုရေးတာက အတွေ့များနေတယ်လေ...

အချစ်ဆိုတာ လျှို့ဝှက်ချက်တခုပါ
း)
း)
မောင်ဘကြိုင်

ကဗျာကောင်းလေးကို လာဖတ်သွားပါတယ်။ ဘလော့လေးက လှလိုက်တာ။

လမ်းလျှောက်ရင်း တဖြေးဖြေး
ခြေလှမ်းတွေကျဲ အမဲရောင်ဖြစ်သွားတဲ့
အကြင်နာတရား ငါဘ၀အတွက်
မှားများသွားပြီလား
စဉ်းစားရင်း နေပါဦးလို့
တားမယ့်သူမရှိ ခါးသီးရတဲ့ အချစ်တွေအတွက်
စည်းလဲ မထားတော့ဘူး
နောက်တစ်ခါဆိုရင်တော့
အမှာစာ မပို့ပါနဲ့.....
ချစ်ခွင့်ရှိသမျှ ဆက်ချစ်မှာပါ ။
မမစံပယ်ရဲ့ခံစားချက်တွေထဲမှာ ဒါလေးကတိုက်ဆိုင်နေလိုက်တာ.... အမြဲတမ်းအားပေးနေမယ်နော် ... :)

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More