Thursday, 7 July 2011

နားလည်ပေးပါ အမိနိုင်ငံ

 

အခြေနေမပေးလို့ ဝေးခဲ့ရတာပါ
ပညာတွေမတတ်လို့
ထားခဲ့ရတာပါ
မာန်တွေတက်ပြီး
 ထွက်ခဲ့တာလဲ မဟုတ်ပါဘူး....

 စုတ်ပြတ်နေတဲ့ ဗလာစာအုပ်နှစ်အုပ်လောက်နဲ့
  တိုနှံ့နှံ့ ခဲတံငုံးတိုလေးတွေက ဟောင်းနွမ်းနေတဲ့
 လွယ်အိပ်လေးရဲ့ ဘေးမှ ဟိုတစ ဒီတစနဲ့
   အဖြူရောင်ကိုကျော်လွန်နေတဲ့ ၀ါညစ်ညစ်
အစိမ်းရောင်မှာ တွယ်ကပ်နေတဲ့ အပ်ချည်ကြိုး ချူပ်ရိုးကြောင်းနဲ့
   ကျောင်းတက်ရမှာကို သေမလောက်ကြောက်(ရှက်)တတ်တဲ့
   ညီ ညီမလေးတွေရဲ့ အားကိုးတဲ့ အကြည့်....

  မနက်မိုးလင်းလို့ ဆန်အိုးကိုမကြည့်ရဲတဲ့
  သားသမီးတွေ စောစောထပြီး
   ဗိုက်ဆာလိုက်တာ ဆိုတဲ့အသံကို
    မိုးကြိုးအစင်းတစ်ရာပစ်တဲ့အသံထက်
   ကြောက်ရွံတတ်တဲ့ အမေ......

    စောစောထ သောကတွေနဲ့မျက်နှာသစ်
    နေနေပူပူမှာ ဒုက္ခတွေကို ဦးထုပ်လုပ်ပြီး
     နေညိုချိန်တောင်မှ ချွေးသီးလေးတွေနဲ့
      ကိုယ်လက်သန့်စင်ပြီး အိမ်ပြန်လာရတဲ့ အဖေ.......

                           ဒီလိုအဖြစ်
                         ဒီလိုအပျက်
    ဒီလိုရက်တွေများခဲ့တော့လဲ
     ဒုက္ခတွေကို ကျေားပိုးပြီးတော့
    ထွက်ခဲ့ရပေါ့ မြန်မာပြည်.....

     တန်ဖိုးမထားလို့မဟုတ်ပါဘူး
       ဆန်ဖိုးလေးတောင်ရှာမရခဲ့လို့ပါ
   မမြတ်နိုးလို့လဲမဟုတ်ခဲ့ပါဘူး
     နှစ်ကျပ်ဖိုးနဲ့ မုန့်စားရတဲ့ ခေတ်ကကုန်ခဲ့ပြီလေ
     မခင်တွယ်လို့လဲမဟုတ်ပါဘူး
      မြင်ရတဲ့ဒုက္ခတွေက တစ်ရက်ထဲမှမဟုတ်တာ
                မမေ့ရက်ပါဘူး
      အမိတိုင်းပြည်ကြီးကို
        သို့ပေမဲ့လဲ
ဝမ်းတထွာပေါင်းမြောက်များစွာအတွက်
ပြေးရပေါ့ တပါးတိုင်းပြည်.....
ဘာသာစကားတွေ ကွဲပြား
ခြေထာက်နဲ့ စေညွှန်တတ်တဲ့ လူမျိုးခြားတွေရဲ့
အေးစက်ပြီး ယုံကြည်မှု့မရှိတဲ့ မျက်ဝန်းအကြည့်တွေအောက်မှာ
ဝမ်းတစ်ထွာပေါင်းများစွာရဲ့
အစာအိမ်ကို ကူညီပေးမဲ့ ငွေဆိုတဲ့ အရိပ်ပါနေတော့
ဘယ်လိုများ ဒေါသထွက်ရမှာလဲ
နားထဲကို ဆူဆူပူပူအသံကြားရင်
သူခိုးလား အဖမ်းအဆီလား လားပေါင်းများစွာနဲ့
အိပ်ယာအောက်က အမေ့ကိုပို့မဲ့ ပိုက်ဆံလေးကို  ထုတ်ကြည့်ရင်
အိပ်ရေးပျက်ပေါင်းများခဲ့ပါပြီ
အချိန်တန်လို့ အိပ်ပြန်ကြတဲ့
လေယာဉ်ပျံကြီးကို ငေးကြည့်ရင်း
ဘယ်တော့မှများ
ဒီခရီးကို ထွက်ရပါ့မလဲ အတွေးပေါင်းများစွာ
စိတ်ကူးကမ္ဘာထဲလဲ
သတိယမိတယ် အမိမြန်မာပြည်ရယ်....................


လွင်ပြင်လှိုင်းငယ် မှရေးသားပါသည်။
                                                http://lwinpyinhlaingngenge.blogspot.com/

12 comments:

ကဗျာလေးကောင်းတယ်။ အရမ်းခံစားရတယ်ဗျာ။
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

ကဗျာလေးကို ထပ်တူခံစားသွားပါတယ် ညီမလေးရေ...

ကဗျာလေးက အဓိပ္ပာယ်လေး ထိထိမိမိပါပဲ။ မျှဝေဖတ်ခွင့်ရလို့ ကျေးဇူးပါနော်။ အန်တီ့ဘလော့ဂ်ကိုလည်း အမြဲလာရောက် အားပေးတဲ့အတွက် double ကျေးဇူးပါကွယ်း))

မေတ္တာဖြင့်
အန်တီတင့်

အမိမြန်မာပြည်က

အမရွှေစင် ကလည်း သတိရနေပါတယ်

မျက်ရည်ဝဲပြီး ဖတ်သွားပါတယ်။ ရင်ထဲမှာ နာနေတယ်။

ခင်မင်လေးစားလျက်

ခံစားချက်ခြင်းတူနေပြီ

အရှိုက်ကို တည့်တည့်ထိတယ်မမ...:(

ကဗျာက ဝမ်းနည်းစရာကောင်းလွန်းတယ်
အဲလိုနဲ့ခွဲခွာသွားရသူတွေကို နားလည်စာနာမိပါတယ်

မောင်ဘကြိုင်
နေပြည်တော်မှလာသည်
http://mgbakyaing.blogspot.com/

အခုပဲ သွားဖတ်ပြီး ပြန်လာတာ...ခေါင်းစဉ်တူနေလို့ ကြည့်မိတယ်...ခံစားရသလို နားလည်ပေးမိပါရဲ့...

သိပ်ကိုခံစားရတဲ့ကဗျာလေးပါဘဲ..
ကျမတို့လို့မြန်မာပြည်ရဲ့အဝေးမှာရပ်တည်နေထိုင်နေရတဲ့
သူတွေအဖို့..လေယာဉ်ပျံတွေ ..တွေ့တိုင်းဘယ်တော့များမှ
အိမ်ပြန်ချိန်ဆိုတာရှိလာမလဲလို့.......

သိပ်ကောင်းတဲ့ ကဗျာ လေးဗျာ...။ ရင်ထဲကို ထိသွားတာပဲ..။ ဘာတဲ့ " တန်ဖိုးမထားခဲ့လို့ မဟုတ်ပါဘူး ဆန်ဖိုးလေးတောင် ရှာမရခဲ့လိုပါ " တဲ့လား။ ရင်ကို ထိခိုက်နာကျင် စေတဲ့ ကဗျာစာသားလေးတွေပါလားဗျာ....။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More